တက္ကသိုလ်ဆရာ၊ ဆရာမများအနေဖြင့် အင်္ဂလိပ်စာနှင့် အိုင်စီတီအရည်အသွေး ကောင်းမွန်ရန် လိုအပ်ဟုဆို

0
197

တက္ကသိုလ်ဆရာ၊ ဆရာမများအနေဖြင့် အင်္ဂလိပ်စာနှင့် အိုင်စီတီ အရည်အသွေး ကောင်းမွန်ရန် လိုအပ်နေသည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် သတင်း အချက်အလက် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး)၊ ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲကို သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်တွင် ကျင်းပစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာ ဆရာမများ အနေဖြင့် အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီ အရည်အသွေး ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ အရည်အချင်းရှိသော ဘွဲ့ရလူငယ် မောင်မယ်များ ပြုစုပျိုးထောင် သင်ကြား သင်ယူ လေ့ကျင့်ရန်နှင့် တစ်သက်တာ သင်ယူခြင်းဖြင့် စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် ဘွဲ့သင်တန်းများသည် ဒေသနှင့် လိုက်လျောညီထွေရှိ၍ ပရော့ဂျက်အခြေပြု သင်ယူခြင်းဖြင့် အားပေးဆောင်ရွက်ရန် လိုပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဆရာ ဆရာမများ အနေဖြင့် ဘွဲ့ရလူငယ်များကို လက်တွေ့ဘဝနှင့် နီးစပ်ပြီး ဒေသနှင့် လိုက်လျောညီထွေဖြစ်သော ဘွဲ့သင်တန်းများ လုပ်ပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများ မြှင့်တင်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရန်နှင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရန် အရေးကြီးပါကြောင်း၊ ယင်းသို့ ဆရာ ဆရာမများအနေဖြင့် သုတေသန စွမ်းဆောင်ရည်နှင့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲနိုင်သည့် အရည်အသွေး ပြည့်မီမှသာ ကျောင်းသား ကျောင်းသူများကို လက်တွေ့ ဘဝနှင့် နီးစပ်သော သင်ကြား သင်ယူမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။

“တက္ကသိုလ်ကျောင်းများတွင် လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ပြီး လက်တွေ့လုပ်ငန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်များ၏ ကိုယ်ပိုင် domain နှင့် website များကို အင်္ဂလိပ်ဘာသာများဖြင့် ရေးသားဖော်ပြနိုင်ရန် လိုအပ်ပြီး မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်း အချက်အလက်များ ထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း၊ ယနေ့ခေတ်ကာလသည် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရန် အင်္ဂလိပ်စာနှင့် အိုင်စီတီ အရည်အသွေး ကောင်းမွန်ရန်လည်း လိုအပ်ပါကြောင်း၊ တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ရှိရန်လိုအပ်ပြီး ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များကို စိစစ်ပြီး အားသာချက်များကို အားကောင်းလာစေရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၁ ရာစုတွင်လိုအပ်သော အချင်းချင်း ကူညီတတ်၍ တာဝန်ယူ တာဝန်ခံ ပူးပေါင်း ဆောင်ရွက်တတ်သည့် ထူးချွန်သော ဘွဲ့ရလူငယ် မောင်မယ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း” ဒေါက်တာမျိုးသိမ်းကြီးက ဆွေးနွေးခဲ့ပါသည်။

ထို့ပြင် သုတေသနများ ဆောင်ရွက်ခြင်း၊ သုတေသန စာတမ်းများ ဖတ်ကြားဆွေးနွေးခြင်း၊ ပြည်တွင်း ပြည်ပ သုတေသန ဂျာနယ်များတွင် သုတေသန စာတမ်းများ ရေးသားခြင်းတို့ကို အားပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် တက္ကသိုလ်များတွင် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ ပန်းချီ၊ ဂီတ၊ ယဉ်ကျေးမှု၊ အနုပညာ၊ သင်္ချာ၊ အားကစားဆိုင်ရာ စွမ်းရည်မြင့်မားရေး အတွက် ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်ဟု သိရပါသည်။

ရဲလင်းလင်းသန်း

(Unicode Version)

ရန်ကုန်မြို့ မိုးပျံရထားလမ်းစီမံကိန်း ဆက်လက်လုပ်ဆောင်နေဟုဆို

ရန်ကုန်မြို့အတွက် မိုးပျံရထားစီမံကိန်းတစ်ခုကို လာရောက်တင်ပြထားသည့် ကုမ္ပဏီအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြသွားရန် စီစဉ်ဆောင်ရွက်ပေးနေသည်ဟု ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ကဖြေကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရပါသည်။
ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က “ရန်ကုန်တိုင်းမှာဆိုရင် ခရီးသွားပြည်သူလူထုက ၂ ဒသမ ၈ သန်း ရှိနေတဲ့အတွက် ပြည်ထောင်စုဝန်ကြီးက မိုးပျံရထားကို လုပ်မယ်ဆိုရင် ကျွန်မတို့က ကြိုဆိုတယ်။ လောလောဆယ်တော့ ကျွန်မတို့ ရန်ကုန်တိုင်းရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မတီကို မိုးပျံရထား ကုမ္ပဏီ တစ်ခုကလာတင်ပြထားတဲ့ တင်ပြချက်တွေကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ သိအောင်အပြင်မှာ ရှင်းပြထားပြီးဖြစ်ပါတယ်။ လာတင်ပြတဲ့ မိုးပျံ ရထားကုမ္ပဏီကိုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ရှင်းပြဖို့ရော ပြည်ထောင်စု အစိုးရကိုပါ ဆက်လက်တင်ပြသွားဖို့ ကျွန်မတို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်” ဟုပြောသည်။
ရန်ကုန်မြို့တွင် မိုးပျံလမ်းစီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တင်ဒါများခေါ်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဆန်ခါတင်ကုမ္ပဏီများ ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
“အခုကျွန်မတို့ကို လာရှင်းပြတဲ့ကုမ္ပဏီရဲ့ တင်ပြချက်အရဆိုရင် နေ့စဉ် လူဦးရေ သုံးသိန်းလောက်ကို တင်ဆောင်နိုင်မယ်လို့ ပြောထားပါတယ်။ အခုက လူဦးရေ တစ်သိန်းနီးပါးလောက် ရထားကို အသုံးပြုနေတယ် ဆိုတော့ လူဦးရေ လေးသိန်းလောက် အသုံးပြုနိုင်မှာပါ။ ဒါဆို လူဦးရေ ၂ ဒသမ ၈ သန်းမှာ လေးသိန်း လောက်က ရထားကို အသုံးပြုနိုင်မှာပါ” ဟုလည်း ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ရှင်းပြပါသည်။
ထို့အပြင် လက်ရှိပြည်သူ့ရင်ပြင်အတွင်း လုပ်ဆောင်လျှက်ရှိသော Control Center အတွက်ကိုလည်း ဝန်ကြီးဒေါ်နီလာကျော် ဦးစီးဆောင်ရွက်နေကြောင်း၊ အဆိုပါ Control Center အတွက်ကိုလည်း နောက်ဆုံးအဆင့် ညှိနှိုင်းနေကြောင်း၊ ယခင်အစိုးရလက်ထက်က ချုပ်ခဲ့သည့် စာချုပ်တစ်ခုဖြစ်သည့်အတွက် အဆိုပါ ကုမ္ပဏီအနေဖြင့် ဆက်လက်လုပ်ဆောင်နိုင်မှု ရှိမရှိ စောင့်ကြည့်နေကြောင်း သိရသည်။
“Control Center က အရင်အစိုးရလက်ထက် ကတည်းက ချုပ်ခဲ့တဲ့စာချုပ်တစ်ခုပါ။ အဲဒါကို အဆုံးသတ်နိုင်အောင် ကျွန်မတို့က နောက်ဆုံး သတိပေးထားတယ်။ ကုမ္ပဏီက ဆောင်ရွက်နိုင်ရင် ဆောင်ရွက်၊ မဆောင်ရွက်နိုင်ရင် Black List စာရင်းကြေညာသွားမယ်လို့ ဝန်ကြီး ဒေါ်နီလာကျော်က ပြောထားတယ်လို့ တစ်ဆင့်သိရတယ်” ဟုလည်း ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကဖြည့်စွက်ပြောကြားထားသည်ကို တွေ့ရပါသည်။

ရဲလင်းလင်းသန်း

LEAVE A REPLY

Please enter your comment!
Please enter your name here